အမာ


🌿    Hello all! ဒီနေ့ကတော့ ဆရာမ‌ မွန်ဟော်စီ ရဲ့ အမာ ဆိုတဲ့စာအုပ်လေးကို Review လေး ရေးပေးသွားမှာပါ။ ဒီစာအုပ်လေးမှာတော့ ဆရာမမွန်ဟော်စီရဲ့အဘွား၊ မြန်မာနိုင်ငံရဲ့ (၆၁) ယောက်မြောက် ဆရာဝန်မကြီး ဒေါ်သန်းဋ္ဌေး (ခေါ်) အမာရဲ့အကြောင်းနဲ့အတူ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်က နေထိုင်ပုံ၊ ဝတ်စားဆင်ယဉ်ပုံ၊ ယဉ်ကျေးမှုအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဆရာမက ဒီစာအုပ်လေးအတွက် အချိန်နှစ်နှစ်ခန့်ပေးပြီး ရေးဖွဲ့ခဲ့တယ်လို့ သိရပါတယ်။ 🌿

🌿    စာအုပ်လေးထဲမှာတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တဲ့အချိန်မှာ အမာတို့သားအမိတွေ အသက်လုပြီး ပြေးရတာဖတ်ရင်း ကိုယ်တိုင်စစ်ကြီးထဲမှာအမာတို့နဲ့အတူ ပြေးနေရသလိုပါပဲ။ စာအုပ်လေးစထွက်တဲ့ အချိန်က ဒုတိယကမ္ဘာစစ်အကြောင်းကို ဖေဖေ၊ မေမေတို့နဲ့အတူ ပြောနေခဲ့ရာက အခုဆိုရင် စစ်ရိပ်စစ်ငွေ့ကို ကိုယ်တိုင်ပါခံစားလာရပါပြီ။ စစ်အတွင်းဗုံးကြဲတော့ အမာတို့အိမ်လေး ဗုံးထဲပါသွားတာကိုဖတ်ရင်း အမာ့ကိုသနားမိပါသေးတယ်။ အမာ့အမေရဲ့ ရှေးရိုးစွဲအုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာရပေမယ့် အမာဟာသူမအမေအ‌ပေါ် လုံးဝမငြိုငြင်တာကိုဖတ်ရတော့ အမာ့ရဲ့သည်းခံမှုကို အံ့ဩရပါတယ်။ စစ်‌ရှောင်နေရင်းအမာတို့‌တွေ‌ ရေရှား၊ ရိက္ခာရှားတဲ့အ‌ကြောင်း ဖတ်ရ‌‌တော့ အမာ့ကိုသနားမိရပါတယ်။ စစ်ပြီးခေတ်မှာ နိုင်ငံလည်းဆုတ်ယုတ်သွားရပြီး ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်ရတယ် ဆိုတာဖတ်ရတော့ စစ်ရဲ့ဆိုးကျိုးတွေကိုလည်း မြင်လာရပါတယ်။ အမာ့ယောက်ျားဘမောင်ချိန်ကလည်း အလွန်ကံကောင်းတဲ့ ယောက်ျားတစ်ယောက်ပါပဲ။ စစ်အတွင်းအမာကအသက်ကိုဖက်နဲ့ထုပ်ပြီးပြေးနေရချိန် သူကတော့အင်္ဂလိပ်သတင်းစာဖတ်ပြီး ဇိမ်ကျနေခဲ့တာလေ။ အမာ့အမေနဲ့တသက်လုံးမတည့်ဘဲနေခဲ့ရာက သေခါမှတောင်းပန်ခံရတဲ့သူ့ဘဝကလည်း သနားစရာပါပဲ။ အချင်းချင်းမတည့်ကြတဲ့ဘမောင်ချိန်နဲ့ အမာ့အမေကိုပြောခဲ့တဲ့ အမာ့စကားလေးကတော့ မှတ်သားစရာပါပဲ။ 🌿

🌿    အချင်းချင်းကောင်းကွက်လေးတွေ တွေ့အောင်ရှာကြည့်ပါ။ ကျေးဇူးတင်တတ်ပါစေ။ တဲ့။ 🌿

🌿    စာအုပ်လေးထဲမှာဇာတ်ကောင်တွေရဲ့ပုံတွေပါ အများကြီးပါတာကြောင့် လက်ကမချချင်အောင်ကို ဖတ်လို့ကောင်းခဲ့ပါတယ်။ ဘယ်အချိန်ပြန်ဖတ်ဖတ်လည်း ဖတ်လို့ကောင်းနေဆဲပါ။ ဒီစာအုပ်လေးထဲမှာ ခေတ်သုံးခေတ်ရဲ့ အကြောင်းတွေ၊ ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေ အများကြီးပါတာကြောင့် မဖတ်ရသေးရင်ဖတ်ကြည့်ဖို့ ညွှန်းပါရစေရှင်။ 🌿

ချစ်ခင်စွာဖြင့်
သွေး
(၃ စက်တင်ဘာ ၂၀၂၁ ခုနှစ်)

Comments

Popular posts from this blog

ပန်းတွေပွင့်ဖို့ စောင့်ရချိန်

UWC Scholarship

သွေးရဲ့ အပင်လေးတွေအကြောင်း